လူသားတို့အား အတွင်းမှ အစဉ်လောင်မြိုက်နေသော မီး (၁၁) ပါး ရှိပါသည်။
၁။ ရာဂမီး (လိုချင်တပ်မက်ခြင်း)
၂။ ဒေါသမီး (စိတ်ဆိုးစိတ်ပျက်ခြင်း)
၃။ မောဟမီး (လောက၏အမှန်သဘောများကိုမသိခြင်း)
၎။ ဇာတိမီး ( ပဋိသန္ဓေနေရခြင်း)
၅။ ဇရာမီး (အိုရခြင်း)
၆။ မရဏမီး (သေရခြင်း)
၇။ သောကမီး (စိုးရိမ်ပူပန်ရခြင်း)
၈။ ပရိဒေဝမီး (ငိုကြွေးရခြင်း)
၉။ ဒုက္ခမီး (ကိုယ်ဆင်းရဲရခြင်း)
၁၀။ ဒေါမနဿမီး (စိတ်ဆင်းရဲရခြင်း)
၁၁။ ဥပါယာသမီး (ပြင်းစွာပူဆွေးရခြင်း)
Dhamma Treasure (Myanmar)
Search This Blog
Friday, April 10, 2015
မီး (၁၁) ပါး
Thursday, April 9, 2015
မဂ္ဂင်ရှစ်ပါး
လောက၌ နှစ်သက်စရာ အာရုံ ကာမဂုဏ် ချမ်းသာတွေကို ခံစားရေး၌ အားထုတ်ခြင်း အကျင့် (ကာမသုခလ္လိကာနုယောဂ) ကိုလည်း မကျင့်ကြံအပ်ပေ။
မိမိကိုယ်ကို ပင်ပန်းဆင်းရဲအောင်ကျင့်ခြင်း အကျင့် (အတ္တကိလမထာနုယောဂ) ကိုလည်း မကျင့်ကြံအပ်။
အကျင့်နှစ်မျိုးလုံးသည် အစွန်းကျ၍ မျမျတတ မရှိပေ။ ထို့ကြောင့် ယင်းအကျင့်နှစ်မျိုးကိုပယ်၍ အလယ်လမ်းအကျင့်ဖြစ်သော မဂ္ဂင်ရှစ်တန် အကျင့်မှန်ကိုသာ ကျင့်ကြံကြရမည်။ ဤမဂ္ဂင်ရှစ်တန်သည်သာလျင် အသိဉာဏ်ကို ပွင့်လင်းစေ၍ ဆင်းရဲခြင်းကို ငြိမ်းစေနိုင်သော အကျင့်မှန်ဖြစ်၏။
ယင်းမဂ္ဂင်ရှစ်တန်မှာ
သမ္မာဒိဋ္ဌိ - မှန်စွာသိမြင်မှု
သမ္မာသင်္ကပ္ပ - မှန်စွာကြံစည်မှု
သမ္မာဝါစာ - မှန်စွာပြောဆိုမှု
သမ္မာကမ္မန္တ - မှန်စွာပြုလုပ်မှု
သမ္မာအာဇီဝ - မှန်စွာအသက်မွေးမှု
သမ္မာဝါယာမ - မှန်စွာကြိုးစားအားထုတ်မှု
သမ္မာသတိ - မှန်စွာသတိကပ်မှု
သမ္မာသမာဓိ - မှန်စွာစူးစိုက်တည်ငြိမ်မှု
ဘုရားဖြစ်ရန် ပါရမီ (၁၀) ပါး
ဘုရားလောင်းတို့ ဖြည့်ကျင့်ရသော ပါရမီမှာ (၁၀) ပါး ရှိပါသည်။
၁။ ဒါနပါရမီ
( စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း )
၂။ သီလပါရမီ
( သီလစောင့်ထိန်းခြင်း )
၃။ နေက္ခမ္မပါရမီ
( လောကီ စည်းစိမ်တို့ကို စွန့်လျက် တောထွက်ခြင်း )
၎။ ပညာပါရမီ
( အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံခြင်း)
၅။ ဝီရိယပါရမီ
( ကြီးမားသော ဝီရိယရှိခြင်း)
၆။ ခန္တီပါရမီ
( အရာရာ၌ သည်းခံခြင်း )
၇။ သစ္စာပါရမီ
( မှန်ကန်သော စကားကို ဆိုခြင်း )
၈။ အဓိဋ္ဌာန်ပါရမီ
( မဖြစ်မနေ စွဲမြဲသည့် ဇွဲစိတ်ရှိခြင်း )
၉။ မေတ္တာပါရမီ
( သတ္တဝါများအား မေတ္တာစိတ်ထားခြင်း )
၁၀။ ဥပေက္ခာပါရမီ
( ဆင်းရဲ ချမ်းသာကို ဥပေက္ခာထားခြင်း )
ဤပါရမီ (၁၀) ပါးကို ကိုယ်လက်အင်္ဂါ စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ဥပပါရမီ (၁၀) ပါးဟု ခေါ်ရ၏။ အသက်ကို စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ပရမတ္ထပါရမီ (၁၀) ပါးဟု ခေါ်ရ၏။ ထို့ကြောင့် ပါရမီဆယ်ပါး၊ ဥပပါရမီဆယ်ပါး၊ ပရမတ္ထပါရမီဆယ်ပါး အားဖြင့် သုံးဆယ်ရှိ၏။ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်ဟု အများသိကြ၏။
Sunday, April 5, 2015
သံဃာဂုဏ်တော်ကိုးပါး
ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သားအပေါင်း သံဃာတော်သည်။
၁။ သုပ္ပဋိပန္နော
လောဘ ဒေါသ မောဟ ကိလေသာအပေါင်းတို့ ကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို ကောင်းစွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
၂။ ဥဇုပ္ပဋိပန္နော
ကိုယ်နှုတ်စိတ်ထား အကောက်သုံးပါးကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
၃။ ဉာယပ္ပဋိပန္နော
ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ကောင်းစွာကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
၎။ သာမိစိပ္ပဋိပန္နော
သူတစ်ပါးတို့ပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
၅။ အာဟုနေယျော
အရပ်ဝေးမှသော်လည်း ဆောင်လာ၍ ပေးလှူပူဇော်ထိုက်၊ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။
၆။ ပါဟုနေယျော
ချစ်မြတ်နိုးအပ်သော ဧည့်သည်များအတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ်ကိုသော်လည်း ပေးလှူပူဇော်ထိုက်၊ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။
၇။ ဒက္ခိဏေယျော
နောင်တမလွန်လောက၌ ကောင်းကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်မျှော်ကိုးလျက် ပေးလှူပူဇော်ထိုက်၊ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။
၈။ အဉ္ဇလီကရဏီယော
ကောင်းကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်လျက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်မြတ်ပါပေတကား။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ
ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တဝါအပေါင်း၏ အကောင်းဆုံးသော လယ်ယာမြေဖြစ်တော်မူသော သံဃာတော်မြတ်ပါပေတကား။
တရားဂုဏ်တော်ခြောက်ပါး
ဘဂဝတာ ဓမ္မော၊ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်သည်
၁။ သွာက္ခာတော
ကိလေသာကင်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောကြားအပ်သော တရားတော်မြတ်ပါပေတကား။
၂။ သန္ဒိဋ္ဌိကော
ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပါပေတကား။
၃။ အကာလိကော
အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ချင်းအကျိုးပေးတတ်သော တရားတော်မြတ်ပါပေတကား။
၎။ ဧဟိပဿိကော
လာပါ ကြည့်လှည့်ပါဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မံတိုက်တွန်းထိုက်သော တရားတော်မြတ်ပါပေတကား။
၅။ သြပနေယျိကော
မိမိသန္တာန်၌ တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတကား။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ
တရားမြင်သိသည့် ပညာရှိရှစ်ပါး အရိယာများသာလျှင် ကိုယ့်တရားနှင့်ကိုယ် အသီးသီးသိမြင်ခံစားထိုက်သော တရားတော်မြတ်ပါပေတကား။